August 24, 2012 at 8:00pm
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအား သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၃ နာရီက
ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါအစည်းဝေးသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၈)ဦးတက်ရောက်ခဲ့ပြီး နှစ်နာရီခန့်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်နေမှုများအား ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့တင်ပြခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်က အစည်းအဝေး အပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့ပါသည်။
``ဥက္ကဋ္ဌ ရန်ကုန်ကိုရောက်နေတဲ့အချိန်ဖြစ်လို့ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ကျင်းပတာပါ။ ထူးထူးခြားခြားလုပ်တာမဟုတ်ပါဘူ။ ကျွန်တော်တို့တွေ လွှတ်တော်မှာဆောင်ရွက်နေတာကို တင်ပြတဲ့သဘောပါ။လုပ်ဆောင်ချက်တွေကို CEC အဖွဲ့ဝင်တွေက ထောက်ခံခဲ့ပါတယ်´´ဟု ဦးအုန်းကြိုင်ကပြောကြားပါသည်။
လက်တလောဖြစ်ပေါ်နေသည့် လွှတ်တော်နှစ်ရပ်နှင့်အခြေခံဥပဒေခုံရုံးအကြားဖြစ်ပေါ်နေသော အငြင်းပွားမှုအပေါ် မေးမြန်းခဲ့ရာတွင် ဦးအုန်းကြိုင်က `` ကျွန်တော်တို့အဖွဲ့ချုပ်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးပြီးတော့ နှစ်ဖက်လက်ခံနိုင်အောင် ပြေပြေလည်လည်ဖြစ်သွားတာကိုပဲ လိုချင်ပါတယ်´´ဟု ပြောကြားသွားခဲ့သည်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၂၅ ရက်တွင် သူမ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူး မြို့သို့သွားရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

No comments:
Post a Comment